ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဖေဖော်ဝါရီလအတွက် မီတာဖတ်ရှုနေမှုများ နှင့် ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများအား ကွင်းဆင်းကြပ်မတ်စစ်ဆေး
ရန်ကုန်၊ မတ် ၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဦးအောင်ကျော်ဦးသည် ရုံးချုပ်နှင့် ခရိုင်တို့မှတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များသို့သွားရောက်၍ ဖေဖော်ဝါရီလအတွက် မီတာဖတ်ရှုနေမှုအခြေအနေများနှင့် ဓာတ်အားခွဲရုံများအလိုက် ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ၃၃ကေဗွီမြို့နယ်ရုံး ဓာတ်အားခွဲရုံသို့ရောက်ရှိစဉ် ဓာတ်အားခကြွေးကျန်အခြေအနေများ၊ ဓာတ်အားပျောက်ဆုံးမှုအခြေအနေများ၊ ထရန်စဖော်မာအလိုက် လယ်ဂျာစာရင်းပြုစုထားမှုအခြေအနေများ၊ မီတာဖတ်ရှုထားမှုအခြေအနေများနှင့် ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဇေယျာသီရိလမ်းရှိ ကွန်ကရစ်တိုင်များ စုပုံထားရှိမှုအခြေအနေများနှင့် မင်းနန္ဒာလမ်းရှိ ကန်ထရိုက်တိုက်များ၏ မီတာတပ်ဆင်ထားရှိမှု၊ မီတာဖတ်ရှုထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပုဇွန်တောင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ၃၃ ကေဗွီ လိပ်ကန်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများ၊ မီတာဖတ်ရှုပြီးစီးမှုအခြေအနေများ၊ ဖီဒါအလိုက် မီတာဖတ်မှတ်တမ်းကတ်များ ဖြည့်သွင်းထားမှုအခြေအနေများ၊ အဏ္ဏဝါအအေးခန်းကို LNG ဖြင့် ဓာတ်အားပေးနိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရပ်/ပျက်/နှေးမီတာများ အမြန်အစားထိုး လဲလှယ်ရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် ပုဇွန်တောင်လိပ်ကန်လမ်းရှိ ၃၀ အမ်ဗွီအေ GIS ပုဇွန်တောင်ပန်းခြံဓာတ်အားခွဲရုံအသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ၆.၆ ကေဗွီသော်မဆင်ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားဖြန့်ဖြူးထားမှုအခြေအနေများ၊ Serverမှ မီတာဖတ်ရှုနိုင်မှုအခြေအနေများ၊ မီတာရပ်ပျက်နှေးဖြစ်ပေါ်မှုအခြေအနေများ၊ ဓာတ်အားပျောက်ဆုံးမှုအခြေအနေများ၊ ဓာတ်အားခကြွေးကျန်အခြေအနေများနှင့် LNG စက်ရုံမှ ထုတ်လုပ်သည့်ဓာတ်အားရယူသုံးစွဲလိုသည့် ဓာတ်အားသုံးစွဲသူများကို ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ရန်လိုအပ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး၊ မီတာဖတ်ရက်မီတာဖတ်ချက်များမှန်ကန်ရေး၊ မီတာဖတ်မှတ်တမ်းကတ်များ စနစ်တကျ မှန်ကန်စွာရေးသွင်းရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဓာတ်အားပြတ်တောက်မှုမရှိစေရန်အတွက် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများ ကြိုတင် စစ်ဆေးဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း






Share